Dec 2, 2011

လူသားဆန်ချင်တဲ့ဒုက္ခ

ငါ့မှာ......

လက်ညိုးထိုးပြစရာဆိုလို့

ဒုက္ခတစ်ခုသာချမ်းသာခဲ့

အဲဒိဒုက္ခရဲ့ဇစ်မြစ်

ဘယ်ကဖြစ်တယ်ဆိုတာ

စဉ်းစားမနေပါနဲ့တော့.

ဒုက္ခဟာဒုက္ခမျှသာဖြစ်ပါတယ်...။

တစ်ခါတစ်ခါ

သူ့ ကိုသူ

ဒုက္ခဖြစ်တယ်ဆိုတဲ့အကြောင်း

မတွေမိဘူးတဲ့...။

တစ်ခါတစ်ခါတော့

ဒုက္ခဟာ....

ဆံပင်ကိုဆေးဆိုး

လျှာထိုးဦးထုပ်ဆောင်း

ဘွတ်ဖိနပ်စီးပြီး

လျှောက်လည်တတ်လေရဲ့

တစ်ခါတစ်ခါကျတော့

အင်တာနက်ဆိုင်ထဲမှာ

ရင့်ရော်မှုဆိုတာကိုမေ့ပြီး

ကောင်မလေးတွေနဲ့

chattingထိုင်လားထိုင်ရဲ့..။

တစ်ခါတစ်ခါကျတော့

ဘုံဆိုင်ထဲမှာ

အာဘောင်အာရင်းသန်သန်နဲ့

ငြင်းခုန်လားငြင်းခုန်ရဲ့

သူ့ ရဲ့ဖြစ်တည်မှုကိုသူ

သတိမထားနိုင်တော့တဲ့အထိ

အခြားဒုက္ခတစ်ခုကို

တပ်မက်နေသတဲ့လေ.......

တစ်ကယ်ပါပဲ

ရခဲလှတဲ့ဒုက္ခကို

ပိုးမွေးသလိုမွေးခဲ့

ပြုစုယုယခဲ့ရ.....။

ဒုက္ခဟာ

ဒုက္ခဖြစ်ရတဲ့အထဲ

နောက်ထပ်ဒုက္ခတစ်ခုကိုတောင်

ချစ်ခဲ့.......

ကြင်နာခဲ့......

တန်ဘိုးထားခဲ့...........

လေးစားခဲ့........

လောဘဖြစ်ခဲ့.........

ဒေါသဖြစ်ခဲ့...

တစ်ခါတစ်ခါကျတော့

သူ့ ကိုယ်သူလောင်မြိုက်

တစ်မြေ့မြေ့ကြွေကျနေရတာကို

အရသာတစ်ခု..........

အဟာရတစ်ခုအဖြစ်သုံးဆောင်ရင်း

ဆေးလိပ်တစ်တိုကိုရှိုက်ဖွာရင်း

သူ့ ကိုယ်သူပြန်လည်သုံးသပ်နေလေရဲ့

ဒုက္ခဟာ

ဘ၀ထဲမှာ

ကျေနပ်စွာနေထိုင်ရင်း

ရယ်လို့မောလို့

ပြုံးလို့ရွှင်လို့

မျဉ်းတစ်ခု

အစကအဆုံးကိုလျှောက်ရင်း

ပြုံးပြရတာလည်းရှိရဲ့

ပြုံးပြမရတာလည်းရှိရဲ့

အသုံးမကျတာတွေ

လူလုံးပြရတာတွေနဲ့

ဒုက္ခဟာ.........

လူသားဆန်စွာရှိနေလေရဲ့

 

နေ၀န်းနီ

 

6-4-2010

No comments:

Post a Comment